ကျဘမ်းခေတ်စာ – ကမ္ဘာသစ်ရဲ့ ခေါ်သံ

by mohingamatters

ဒီနေ့မနက် အိပ်ရာကနိုးတော့ ပထမဦးဆုံး ကျွန်မသတိထားမိတာက ပြတင်းပေါက်တည့်တည့်ကနေမြင်ရတဲ့ ကျယ်ပြောလှပလွန်းတဲ့ ကောင်းကင်ပြာပြာကြီးရယ်ပါ။ ခေါင်းရင်းဘက်ပြတင်းပေါက်နားက သစ်ပင်မှာလည်း တံထျာကျူးရင့်နေတဲ့ ဘုတ်ဖင်နီငှက်ကလေးတွေရဲ့ တေးသံက နား၀င်ချိုလိုက်တာလို့ တွေးရင်း အိပ်ရာကနေ ကုန်းရုန်းထလိုက်ပါတယ်။ ဒီလိုနေ့မျိုးတွေနဲ့ လှပတဲ့ သဘာ၀တရားကြီးကို အမြဲ ခံစားခွင့်ရရင်သိပ်ကောင်းမှာပဲလို့ ကျွန်မတွေးမိပြန်ပါတယ်။ ဒါပေမယ့်လည်း သက်ပြင်းသာချမိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအတောအတွင်း ဖတ်သမျှမှတ်သမျှစာတွေ၊ ဆောင်းပါးတွေကပေးတဲ့ အသိက ဆန့်ကျင်ဖက် ဖြစ်နေလို့ပါ။

အခုရက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး အပြင်မထွက်ရ၊ လူမစုရ ဘာညာမလုပ်ရတဲ့ စည်းကမ်းတွေကြောင့် အိမ်မှာ ပိတ်မိနေတဲ့ အချိန်အများစုမှာ ကျွန်မ လက်လှမ်းမှီသမျှ စာတွေ၊ ဆောင်းပါးတွေ ကောက်ဖတ်မိပါတယ်။ ဒီဖတ်ရမှတ်ရတဲ့အထဲမှာမှ စာရေးသူတို့၊ သုံးသပ်သူတို့ ထပ်ခါတလဲလဲသုံးတဲ့ ဝေါဟာရက ဒီကပ်ဆိုးကြီးပြီးရင် ဘယ်အရာက ပုံမှန် မူ၊စနစ်အသစ်/ပုံစံအသစ် (New Normal) ဖြစ်မလဲဆိုတဲ့ အကြောင်းအရာဖြစ်တာကို သတိထားမိပါတယ်။သူတို့တွေ အဓိက မေးခွန်းထုတ်ကြတာက ဒီကပ်ကြီးရဲ့ခြိမ်းခြောက်မှုအလွန်မှာ ကမ္ဘာကြီးရဲ့ ပုံမှန်မူ/စနစ်အသစ်က ဘာဖြစ်မလဲဆိုတာပါ။ ကျွန်မလည်း လူငယ်တစ်ယောက်အနေနဲ့ ကျမမြင်တွေ့ချင်တဲ့ ပုံမှန်ဖြစ်တဲ့ ကမ္ဘာအသစ်ကို တွေးမိတွေးရာ မေးခွန်းထုတ်ကြည့်ချင်ပါတယ်။ 

ဒီကပ်ကြီးမဆိုက်ခင်က ကမ္ဘာကြီးဟာ နည်းပညာလျင်မြန်တိုးတက်မှုတွေနဲ့အတူ တခြားတစ်ဘက်မှာလည်း မလိုအပ်ဘဲ အင်မတန် အသုံးဖြုန်းကြီးမှုတွေကြောင့် အဘက်ဘက်က တဖြည်းဖြည်း ဆုတ်ယုတ်လာနေတဲ့ ကမ္ဘာကြီးလို့ ကျွန်မက အဆိုးမြင်သူပီပီ မြင်မိပါတယ် (ဒါမှမဟုတ် လက်တွေ့ကျကျ မြင်မိတယ်လို့ပြောတဲ့ အသုံးအနှုန်းက ပိုမှန်လေမလားနော်)။ ကျွန်မတို့လူသားတွေဟာ လိုအပ်တာထက်ပိုပြီး အလွန်အကျွံဝယ်ယူသုံးစွဲတဲ့ ယဉ်ကျေးမှုမှာ ပျော်မွေ့နေခဲ့တာ ဆယ်စုနှစ်များစွာကြာနေပါပြီ။ ဒါက ကျွန်မတို့ အသားကျနေတဲ့ နေထိုင်မှုပုံစံပါ။ ကပ်ကြီးမဆိုက်ခင်က ပုံမှန်စနစ်ပါ။ မလိုအပ်ဘဲဝယ်တဲ့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ၊ အသစ်အသစ်တွေထပ်ပေါ်လို့ အသစ်နောက်လိုက်ပြီး ဝယ်ကြတဲ့ ခေတ်မီပစ္စည်းတွေ၊ အသစ်ရောက်လို့ အကောင်းပကတိရှိနေသေးတဲ့ အဟောင်းကို လွယ်လွယ်ကူကူစွန့်လိုက်တဲ့ ယဉ်ကျေးမှုတွေနဲ့ အသားကျနေခဲ့ပါတယ်။ 

ကျွန်မတို့ဝယ်ယူသမျှ ထုတ်ကုန်တွေကို အလွန်အကျွံထုတ်လုပ်မှုနောက်ကွယ်က ဘေးထွက်ဆိုးကျိုးတွေ၊ သဘာဝအရင်းအမြစ် ပြုန်းတီးမှုတွေကို မမြင်ချင်ယောင်ဆောင်ခဲ့တာလည်း ကြာပါပြီ။ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ယန္တရား ချောချောမွေ့မွေ့ လည်ပတ်ပြီး နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေ အမြတ်အစွန်း များများကျန်ဖို့အတွက် ပေးဆပ်ပြုန်းတီးခံလိုက်ရတဲ့ သဘာဝအရင်းအမြစ်တွေ၊ လေထုရေထုညစ်ညမ်းမှုတွေ၊ “တိုးတက်ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေ”မှာ အလုပ်ရုံ၊ စက်ရုံတွေထောင်ပြီး အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရမှုတွေ၊ ဒီနိုင်ငံတွေကနေတဆင့် ထုတ်ကုန်တွေကို ကမ္ဘာတဝှမ်းကိုပို့ရတဲ့အခါ သယ်ယူပို့ဆောင်ရေးကဖြစ်စေတဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ စတဲ့အရာတွေအားလုံးဟာ ကမ္ဘာကြီးကို နာမကျန်းဖြစ်စေပါတယ်။ ကျမတို့ရဲ့ တဒင်္ဂ လှပမှု၊ သာယာပျော်ရွှင်မှုနဲ့ ခေတ််မီမှုတွေကို ဒီပေးဆပ်မှုတွေနဲ့ အလဲအလှယ်လုပ်ရတာ တန်ရဲ့လားလို့ တွေးမိပါတယ်။ 

ဒီကပ်ဆိုးကြီးဆိုက်တဲ့အခါမှာ ကျွန်မတို့အများစုဟာ အရင်နဲ့မတူဘဲ လိုအပ်တာတွေကိုပဲ စိစစ်ပြီး သုံးစွဲလာကြပါတယ်။ ကမ္ဘာတဝှမ်းက နိုင်ငံအစိုးရတွေကလည်း အခြေအနေအရမ်းဆိုးရွားနေတဲ့အချိန်မှာ မရှိမဖြစ်လိုအပ်တဲ့ စီးပွားရေးကဏ္ဍတွေကိုပဲ ဖွင့်ခိုင်းပြီး ကျန်တာကိုပိတ်စေတဲ့ သာဓကမျိုးတွေလည်းတွေ့ရပါတယ်။ ဥပမာ – မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ အစားအသောက်နဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကိုပဲ ဆက်လက်လည်ပတ်စေပါတယ်။ တချို့လည်း စားနပ်ရိက္ခာလုံခြုံမှုနဲ့ ကျန်းမာရေးအတွက်ပဲ ပူပန်ပြီးတော့ အပိုဝယ်ယူသုံးစွဲမှုတွေကို လျော့ချလာကြပါတယ်။

တဒင်္ဂရပ်တန့်ခံလိုက်ရတဲ့ ကမ္ဘာကြီးကပေးတဲ့ သင်ခန်းစာကတော့ ကျွန်မတို့ရဲ့ ပုံမှန်ကျင့်သုံးနေတဲ့ အလွန်အကျွံသုံးစွဲနေထိုင်မှုပုံစံက သဘာဝတရားကြီးနဲ့ အင်မတန် သွေဖီဆန့်ကျင်နေတယ်ဆိုတဲ့ အသိပဲဖြစ်ပါတယ်။ တချို့အရာတွေဟာ လိုအပ်ချက်မဟုတ်ဘဲ လိုချင်မှုသာ ဖြစ်တယ်ဆိုတာကို သိမြင်လာကြပါတယ်။ ကျွန်မတို့လူသားတွေရဲ့ နိစ္စဓူဝယန္တရားကြီး ခဏရပ်တန့်ပြီး လူသားတွေ အိမ်တွင်းအောင်းကြတဲ့အခါ ကမ္ဘာကြီးရဲ့တချို့နေရာတွေမှာ တိရစ္ဆာန်လေးတွေ ရဲရဲတင်းတင်း ထွက်လာလှုပ်ရှားတာတွေ၊ အိန္ဒိယနိုင်ငံမှာဆို ရေထု၊ လေထုသန့်စင်သွားလို့ ဂင်္ဂါမြစ်ကြီး ကြည်လင်လာတဲ့ပုံတွေနဲ့ တချို့ ပန်ဂျာဘ် (Punjab) အရပ်တွေမှာနှစ်ပေါင်း ၃၀ကြာ မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ ဟိမဝန္တာတောင်တန်းကြီးကို တအံ့တဩ တွေ့ရပုံတွေကို ဖတ်ရကြားရမှာပါ။ ကျွန်မတို့တွေဟာ အမိကမ္ဘာမြေကြီးရဲ့ တစ်ဝမ်းထဲကနေပေါက်ဖွားလာတဲ့ သတ္တဝါမျိုးစိတ်များစွာအနက် တစ်မျိုးပဲဖြစ်ပြီး အသိဉာဏ်မြင့်မားတာတစ်ခုတည်းကိုအကြောင်းပြကာ သဘာဝတရားကြီးကို လိုသလို ဖြတ်၊ညှပ်၊ကပ် စိတ်ကြိုက်ဖန်တီးပြုပြင်ယူနေခဲ့တာ ကြာနေပါပြီ။ ဒီအမူအကျင့်တွေကို ပြင်ပြီး သဘာဝတရားကြီးနဲ့ သဟဇာတဖြစ်စေမယ့် ပုံမှန်စနစ်အသစ်ကို ကိုယ်တိုင်ကျင့်သုံးကြဖို့၊ အများလည်း ဝိုင်းဝန်းကျင့်သုံးကြဖို့ တောင်းဆိုရမယ့် အချိန်ရောက်လာပါပြီ။ 

သိပ္ပံပညာရှင်တွေက ၂၄ နာရီဆိုတဲ့ တစ်နေ့တာအချိန်လေးအတွင်းမှာ ကမ္ဘာကြီးပေါ်မှာ မှီတည်နေကြတဲ့ သစ်ပင်ပန်းမန်၊ ငှက်နဲ့ အင်းဆက်ပိုးမွှား၊ နို့တိုက်သတ္တဝါ မျိုးစိတ်စုစုပေါင်း ၁၅၀ ကနေ ၂၀၀ အထိ မျိုးတုံးပျောက်ကွယ်မှုတွေ ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၅ကျော်က ဒိုင်နိုဆောတွေ မျိုးတုံးပျောက်ကွယ်သွားတဲ့အချိန်နဲ့ ယှဥ်ကြည့်ရင် မူမှန်သဘာဝအရ မျိုးပြုန်းတာထက် အဆ​ပေါင်းတစ်ထောင်နီးပါး ဆိုးဆိုးရွားရွား မျိုးစိတ် ဆိတ်သုဥ်းမှု ဖြစ်တာလို့ဆိုပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကျွန်မတို့ကမ္ဘာရဲ့အနာဂတ်ဟာ မတွေးဝံ့စရာကောင်းလောက်အောင်ပါပဲ။ကမ္ဘာမြေကြီးရဲ့ဂေဟစနစ် ပုံမှန်လည်ပတ်ဖို့  ကမ္ဘာကြီးကျန်းမာဖို့ သက်ရှိမျိုးစိတ်တွေအားလုံး သဘာဝတရားနဲ့အညီ ဆက်လက်ရှင်သန်နေဖို့လိုအပ်ပါတယ်။

ကျွန်မတို့အားလုံးဟာ မွေးဖွားရာ ကမ္ဘာ့အမိမြေမှာပဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ပုံစံမျိုးနဲ့ မှီခိုပြီးနေထိုင်ကြရပါတယ်။ လူသားရှုထောင့်ကနေ တစ်ကိုယ်ကောင်းဆန်ဆန်ပြောရရင် လူသားတွေ ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် တခြားသက်ရှိသတ္တဝါတွေရဲ့ ရေရှည်ရှင်သန်မှုက အလွန်အရေးပါပါတယ်။ ကျွန်မတို့ တစ်ဦးချင်းဆီက ဒီကမ္ဘာမြေဆက်လက်ရှင်သန်နေဖို့အတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပြီး ကျွန်မတို့လိုလားတဲ့ နေထိုင်မှုပုံစံအသစ်က ဘာလဲဆိုတာမေးခွန်းထုတ်ဖို့ အချိန်ကျပါပြီ။ 

ကျွန်မလည်း မနက်ခင်းတိုင်းမှာ လေထုညစ်ညမ်းမှုကင်းစင်လို့ လှပပြာတာနေတဲ့ ကောင်းကင်ကြီးကိုငေးပြီး ဘုတ်ဖင်နီငှက်ကလေးတွေရဲ့ တေးတံထျာလေးတွေကိုနားဆင်ခွင့်ရနိုင်မယ့် မနက်ခင်းပေါင်းများစွာကိုမျှော်လင့်ပြီး ဒီစာလေးကို တွေးရင်း၊ မောရင်း၊ ရေးရင်း သက်ပြင်းရှည်ကြီး တစ်ရှိုက်ထပ်ချကာ အဆုံးသတ်လိုက်ပါတယ်။ (ငှက်ကလေးတွေကနေ တဆင့်စကားပါးလာတဲ့ ကမ္ဘာသစ်ရဲ့ခေါ်သံကိုလည်း ကျမတို့အားလုံးကြားနိုင်ဖို့မျှော်လင့်ရင်း….)

You may also like

Newsletter

@2024 – Developed by Mohinga Matters

Mohinga Matters
Mohinga over everything
-
00:00
00:00
Update Required Flash plugin
-
00:00
00:00