ကျဘမ်းခေတ်စာ – ပဲခူးကဝေ

ပဲခူးကဝေလို့ ဆိုလိုက်ရင် စိတ်မျက်စိထဲ ဘာများပေါ်လာပါသလဲ။

ကျွန်မ စိတ်ထဲမှာတော့ ပဲခူးကဝေဆိုတဲ့ စကားလုံးကို မြင်လျှင်မြင်ချင်း ပဲခူးဘက်မှာ သောင်းကျန်းလွန်းလှတဲ့ စုန်းတစ်ကောင်များလား။ ဒါမှမဟုတ် ပဲခူးဆိုတော့ ပဲခူးမြို့၊ ကဝေဆိုတော့ စုန်းကဝေပေါ့။ ဒီဘက်ခေတ်မှာ စုန်း၊ ကဝေဆိုတာက သိပ်ကျယ်ကျယ်ပြန့်ပြန့် ရှိတာမဟုတ်တော့ တစ်ခုခုကိုများ တင်စားထားသလားလို့ တွေးမိပြန်ပါရဲ့။ အမျိုးသားတွေရဲ့  အသည်းနှလုံးကို ရက်ရက်စက်စက်ခွဲနေတဲ့ မိန်းမချောလေး တစ်ယောက်ကိုများ ဝင်္ကဝုတ္တိအင်္လကာနဲ့ တင်စားထားသလား ဆက်စပ်တွေးမိပြန်ပါရော။

ထင်ကြေးတွေနဲ့ တက်တက်စင်အောင် လွဲတာများ ပဲခူးကဝေဆိုတာ လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျောင်းသားဘဝက ကလောင်နာမည်တစ်ခုပါတဲ့။ ရန်ကုန်တက္ကသိုလ်၊ ပဲခူးကျောင်းဆောင်မှာနေခဲ့တဲ့ ကိုအောင်ဆန်းဘဝတုန်းကပေါ့။

ပဲခူးကဝေရဲ့ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။

အစဥ်အလာကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့  မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းက ဘာသာပြန်စာပေထွန်းကားစေဖို့၊ စာပေဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးဖို့ ဂန္ထလောကမဂ္ဂဇင်းကို ၁၉၂၅ ခုနှစ်ကစပြီး လစဥ် ထုတ်လေ့ရှိပါတယ်။ ဂန္ထလောကမဂ္ဂဇင်းမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဆောင်းပါး၊ ဝတ္ထု၊ အက်ဆေးတွေ၊ စာပေဝေဖန်ရေးတွေ ဝေဝေဆာဆာဖော်ပြတဲ့အပြင် ဘာသာပြန်ပြိုင်ပွဲ အစီအစဥ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဘာသာပြန်ပြိုင်ပွဲအတွက် အင်္ဂလိပ်ဘာသာ စာမူကောက်နုတ်ချက်တွေ ထည့်သွင်းပေးပြီး ပြိုင်ပွဲဝင်တွေက ပြန်လည်ပေးပို့တဲ့ စာမူတွေအနက် ဘာသာပြန်အကောင်းဆုံးစာမူတွေကို ချီးမြှင့်ခဲ့ပါတယ်။

“ပဲခူးကဝေ” ဆိုတာကတော့ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းရဲ့  ဘာသာပြန်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စာမူပေးပို့တဲ့ ကျောင်းသားကိုအောင်ဆန်းရဲ့ ကလောင်နာမည်ပေါ့။ ပဲခူးကဝေ ဝင်ပြိုင်တဲ့ ဘာသာပြန် ကောက်နုတ်ချက်က အခု LSE လို့ အတိုခေါ်ကြတဲ့ London School of Economics (ရှေးအခေါ် လန်ဒန်တက္ကသိုလ် ဘောဂဗေဒကျောင်းတိုက်) က ပါမောက္ခ Harold J. Laski ရဲ့ “လွတ်လပ်စွာ တွေးခေါ်မှုအကြောင်း” ကောက်နှုတ်ချက်ကို မြန်မာဘာသာ ပြန်ရတာပါ။ 

နောင်နှစ်လအကြာ ၁၉၃၄ ဇန်နဝါရီလမှာ ဘာသာပြန် ပြိုင်ပွဲရဲ့ ရလဒ်ကို ကြေညာတဲ့အခါ ဘာသာပြန်ဆုကို ရန်ကုန်တက္ကသိုလ်က ပဲခူးကဝေနဲ့ မြောင်းမြမြို့က မောင်သိန်းတို့ ပူးတွဲရရှိခဲ့ပါတယ်။ ဆုကြေညာချက်မှာ ပဲခူးကဝေဟာ “ဘာသာပြန်ကောင်းတစ်ယောက်ဖြစ်ဖို့ မြန်မာစာ နာနာဖတ်ဖို့ လိုသေးတယ်”၊ 
“ဘာသာပြန်စာမူဟာ တဲ့တိုးဖြစ်လွန်းတယ်” လို့ အကဲဖြတ်အဖွဲ့က မှတ်ချက်ပြုထားပါတယ်။ 

ဖတ်ဖူးသမျှ၊​ မှတ်ဖူးသမျှ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းတွေမှာ ဗိုလ်ချုပ်ဟာ စကားကို ခပ်တိုတို၊​ ခပ်ပြတ်ပြတ် ပြောတတ်တဲ့ အညာသား လူရိုးကြီးလို့ ဖတ်မှတ်ဖူးနေကျပဲ။ သူနာပြုဆရာမ ဒေါ်ခင်ကြည်ကိုတောင်မှ ကိုယ်တိုင်ကိုယ်ကျ ချစ်စကားမပြောဘဲ အစ်ကိုဖြစ်သူကတဆင့် အိမ်ထောင်ပြုဖို့ သွားပြောပေးရတယ်လို့လည်း သိရတယ်။ အပိုဆာဒါးတွေ၊ စကားတန်ဆာတွေ ဆင်မနေတတ်သူ ဗိုလ်ချုပ်တစ်ယောက် “Pegu Kaway is too literal” လို့ မှတ်ချက်ပြုခံရတာဟာ ဆန်းမနေပေဘူးပေါ့။

ဆန်းတာက လူရိုးကြီး မောင်အောင်ဆန်းရဲ့ ကလောင်နာမည်ပဲ။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးကို ပဲခူးကဝေဆိုတဲ့ ကလောင်နာမည်နဲ့ တွဲဖက်မြင်ကြည့်လို့ မရခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ  တိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ရင်ဘောင်တန်းဆွေးနွေးညှိနှိုင်းခဲ့သူ၊​ အပိုစကားမဆိုဘဲ လိုရင်းကိုသာ တိုပြတ်ပြတ်ပြောတတ်သူ၊ တစ်ခါတစ်ရံ ဘုကန့်လန့်ကျတတ်သူလို့ ကြားဖူးထားတော့ သူ့မှာ “ပဲခူးကဝေ” ဆိုတဲ့ ခပ်ဂေါ်ဂေါ် ကလောင်နာမည်တစ်ခုရှိခဲ့မယ်လို့ ထင်မထားခဲ့မိတာ အမှန်ပဲ။

တစ်ဖက်က စဥ်းစားကြည့်ပြန်ရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးရဲ့ ပြယုဂ်တစ်ခုလို သင်ယူ၊ မှတ်ယူ၊ မြင်ယူကြတဲ့ ကျွန်မတို့တွေက ဗိုလ်ချုပ်ဟာ လူတွေထဲက လူတစ်ယောက်ပဲဆိုတာ မေ့နေတတ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အတွက် ကြိုးပမ်းမှု၊ စွန့်လွှတ်နိုင်မှုတွေကို လေးစားတန်ဖိုးထားတတ်သလို ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းရဲ့ သာမန်ရိုးရှင်းတဲ့၊ ပျော်တတ်တဲ့ ဘဝနေထိုင်မှုကိုလည်း ထပ်တူထပ်မျှ ချစ်မြတ်နိုးကြရမှာပေါ့။ လူတွေမှာ တစ်သမတ်တည်းမှတ်ယူထားလို့ မရတဲ့ စရိုက်လွှာအထပ်ထပ် ရှိနေသလို ဗိုလ်ချုပ်မှာလည်း ကျွန်မတို့ သိထားတဲ့ လွတ်လပ်ရေးဖခင်ကြီးဆိုတဲ့ ပုံရိပ်အပြင် အလွှာလွှာသော စရိုက်တွေ ရှိနေခဲ့မှာပဲ။ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးတွေရဲ့ တဆင့်စကားအရ သူ့ရဲ့ ဖခင်ဟာ ငယ်ရွယ်စဥ်က “ပရိယာယ်မာယာကင်းပြီး၊​ ရိုးသားဖြောင့်မတ်တယ်။ ဆင်းရဲချို့တဲ့သူတွေအပေါ် ကြင်နာမှုတတ်တဲ့ အမူအကျင့်လေးတွေ ရှိတယ်” လို့ ရေးသားခဲ့ဖူးပါတယ်။ သူသာ အသက်ဆက်ရှင်ခဲ့ရင် သူ့ရဲ့ စစ်သည်တော်ပုံရိပ်အပြင် ကြင်နာသနားတတ်မှု၊ လူသားဆန်မှု၊ ဒါမှမဟုတ် ပေါင်းရသင်းရခက်ပြီး ဂွကျကျ ပြောပေါက်ဆိုပေါက်တွေနဲ့ လူထဲကလူတစ်ယောက်ရဲ့ ပုံရိပ်တွေကိုလည်း ကျွန်မတို့တတွေ သိခွင့်၊ မြင်ခွင့် ရမယ်ထင်ပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းကို ပဲခူးကဝေဆိုတဲ့ နာမည်နဲ့ တွဲမမြင်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းကို စစ်သားကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ နိုင်ငံရေးသမားကြီးလို့ ဦးနှောက်ထဲ ပုံသွင်းမိထားတဲ့ အကျိုးဆက်ပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံးထဲမှာ တစ်စုံတစ်ယောက်ကိုပဲ ဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကိုပဲဖြစ်ဖြစ် ပုံစံတစ်မျိုးမျိုးနဲ့ ပုံသွင်းမှတ်ယူထားတတ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်စိတ်ထဲသတ်မှတ်ထားတဲ့ ပုံစံအတိုင်း တစ်သမတ်တည်းရှိနေမယ်လို့ မှတ်ယူတတ်ကြတယ်၊ အကြောင်းအရာတစ်ခုကို အခြားရှုထောင့်တစ်ခုက မကြည့်ဘဲ ကိုယ်နားလည် မှတ်ယူထားတဲ့အတိုင်း တစ်သမတ်တည်း ရှိနေမယ်လို့ ထင်တတ်ကြတယ်။ ဒီထက် ပိုပြီး ပြင်းထန်တဲ့အခါ ကိုယ့်ရဲ့ အမြင်သာ အမှန်လို့ မှတ်ယူကြပြီး ကိုယ်ချင်းစာတရားခေါင်ပါးတဲ့ ပညာတတ်လူ့ငနွားကြီးတွေ ဖြစ်လာကြလိမ့်မယ် ထင်တယ်။ လောကကြီးဟာ၊ လောကကြီးထဲက လူသားတွေနဲ့ အဖြစ်အပျက်တွေဟာ ကိုယ်ထင်ထားတဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်တာ၊ ဖြစ်မနေတတ်တာကိုလည်း အမြဲ သတိပြုနေကြရမှာပေါ့။

ဒါကတော့ ပဲခူးကဝေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကနေ ဆက်စပ်ပြီး တွေးမိတဲ့ အတွေးမျှင်တန်းကို ဆင်ခြင်မိတာပါ။ပဲခူးကဝေကို ပြန်ဆက်ရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အညာသား၊ ဘုန်းကြီးကျောင်းသားလေး ဖေဖေ” က တက္ကသိုလ်ကျောင်းသားဘဝမှာ အတိုင်းအတာတစ်ခုထိတော့ ဂေါ်ခဲ့မယ်ထင်တယ်။ ခေတ်စကားနဲ့ ပြောရရင် lowkey ဂေါ်ခဲ့မှာပေါ့လေ…။

နွယ်ခက်

ကိုးကား

၁) တိုက်စိုး – စာရေးစားပွဲပေါ်ကပုံရိပ်များ

၂) ဂန္ထလောကမဂ္ဂဇင်း (တွဲ ၁၇၊ အမှတ် ၁၀၈)

၃) Aung San of Burma: A Biographical Portrait by His Daughter by Aung San Suu Kyi

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s