ကျဘမ်းခေတ်စာ – နာဂါဆာကီမှ အတွေးစများ

အဲ့ဒီနေ့က နာဂါဆာကီမြို့က ‘ဦရကမိ’ ဘုရားကျောင်း (Urakami Cathedral) မှာ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး ဆုတောင်းပေးပြီးတော့ ကျွန်မတို့ အိမ်ပြန်ခဲ့ကြပါတယ်။ အိမ်ပြန်လမ်းတလျှောက်မှာ တောင်ကုန်းတွေကြားထဲ တဖြေးဖြေး ဝင်ရောက်ပျောက်ကွယ်တော့မယ့် လိမ္မော်ဖျော့ရောင်နေဝန်းကိုသာ ဓာတ်ရထားပြတင်းပေါက်တွေဆီကနေ ငေးပြီး နှုတ်ဆိတ်နေခဲ့ကြတယ်။

နာဂါဆာကီမြို့ဟာ ဂျပန်နိုင်ငံရဲ့အလွန်ရှည်လျားလှပတဲ့ ကျူးရှူးကျွန်းရဲ့ ပင်လယ်အော်ထိပ်မှာ တည်ရှိပြီး သမိုင်းအရလည်း အစဉ်အလာကြီးမားတဲ့ မြို့ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက ၁၇ ရာစုနှစ်ကစပြီး နှစ်ပေါင်း ၂၀၀ ကျော် တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့အချိန် နာဂါဆာကီမြို့မှာသာ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေရှိခဲ့ပြီး ပထမဦးဆုံး ဥရောပတိုက်သားတွေ ဝင်ရောက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၇ ရာစုနှစ်လောက်မှာ ပေါ်တူဂီနဲ့ ဒတ်ချ်တို့ရဲ့ ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးတွေ ဝင်ရောက်ခဲ့ပြီး နာဂါဆာကီမြို့ရဲ့ မြို့သူမြို့သားတချို့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်လာခဲ့ကြပါတယ်။ နယ်ခြားမြေခြားကလာတဲ့ ခရစ်ယာန်ဘာသာကို ကျိူတိုကနေ အုပ်ချုပ်သူစစ်မင်း ဟီဒယ်ယိုရှိ တိုယိုတိုမီ (Hideyoshi Toyotomi) က လက်မခံဘဲ ခရစ်ယာန်ဘာသာဝင်ရာကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။ နာဂါဆာကီက ဂျပန်ဆာမူရိုင်းတချို့ ပြည်ပြေးပြီး ရခိုင်ပြည်မြောက်ဦးမြို့တော်မှာ ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့အနေနဲ့ ခစားခဲ့သူတွေလည်းရှိခဲ့ပါတယ်။ဒါကတော့ နာဂါဆာကီမြို့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ၁၇-၁၈ ရာစုနှစ်က သမိုင်းကြောင်းပါ။

နောက်ထပ်သမိုင်းကြောင်းတစ်ခုကတော့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက နာဂါဆာကီပါ။ 

ကျမတို့က နာဂါဆာကီမြို့ရောက်တာနဲ့ နာဂါဆာကီမြို့နဲ့ ခွဲခြားလို့မရတဲ့ အတိတ် အဏ္ဏူမြူဗုံးဒဏ် အလူးအလဲခံခဲ့ရတဲ့ အတိတ်ဆီကို ဓာတ်ရထားစီးပြီး သွားခဲ့ပါတယ်။ ကျမနဲ့ ကျမသူငယ်ချင်းတို့ ရောက်နေခဲ့တဲ့နေရာကတော့ နာဂါဆာကီမြို့မှာရှိတဲ့ နာဂါဆာကီအဏ္ဏုမြူဗုံးပြတိုက် (Nagasaki Atomic Bomb Museum) ပါ။ဓာတ်ရထားက တောင်ကုန်းတွေမြင့်တဲ့နိမ်တဲ့အပေါ်မှာ နိမ်တစ်လှည့် မြင့်တစ်လှည့်နဲ့ လမ်းသွယ်လမ်းကြားတွေကြားမှာ ကွေးကောက်ခုတ်မောင်းပြီးမှ ပြတိုက်နားက မှတ်တိုင်ကိုရောက်ပါတယ်။ ပြတိုက်နဲဲ့မနီးမဝေးမှာ သေဆုံးသွားတဲ့သူတွေအတွက် အောက်မေ့ဖွယ် ငြိမ်းချမ်းရေးကျောက်တိုင်ကို တွေ့ရပါတယ်။ အဲ့ဒီကနေ ဆက်လျှောက်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအထိမ်းအမှတ််ပန်းခြံကိုတွေ့ရမှာပါ။ ကျမတို့ရောက်ခဲ့တဲ့ နေရာဝန်းကျင်ကတော့ ဗုံးကျခဲ့တဲ့ ဗဟိုချက်နဲ့သိပ်မဝေးတော့တဲ့နေရာပါပဲ။

ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံတွင် မြင်တွေ့ရသော ငြိမ်းချမ်းရေးရုပ်တု (ဓါတ်ပုံ – မေယု)

ပြတိုက်ရောက်ရောက်ချင်းမှာတော့ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေနဲ့ ကြိုးကြာစက္ကူခေါက်ရုပ်လေး ၁၀၀၀ ကျော်ကို ပြသထားတာတွေ့ပါတယ်။ အဲ့ဒီကနေ ဆက်သွားရင် ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့မှတ်တမ်းတွေနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အောက်မေ့တမ်းတမှုတွေကို မှတ်တမ်းဗီဒီယိုကနေတဆင့် ပြသထားပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ဓာတ်ရောင်ခြည် အဆိပ်သင့်မှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကိုမြင်ရတာကြောင့် ပြတိုက်တစ်ခုလုံးက ငရဲတစ်ခေါက်အလည်ရောက်ရသလို အနိဌာရုံနဲ့ ပူဆွေးသောကတွေ ပြည့်နေပါတော့တယ်။

ဒီထဲမှာမှ ကျမနဲ့ကျမသူငယ်ချင်း စကားလုံးတွေပျောက်ဆုံးခဲ့တဲ့နေရာကတော့ မဲတူးပိန်လိန်နေတဲ့ စတီးထမင်းဘူးလေးကို ပြသထားတဲ့နေရာမှာပါ။ ဒီစတီးဘူးလေးရဲ့ပိုင်ရှင်က ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးတစ်ယောက်ပါ။ အနီးတစ်ဝိုက်မှာ တစ်ဆက်တည်းပြထားတာက ကျောင်းတစ်ကျောင်းလုံး မီးလောင်ကျွမ်းသွားတာကို ရိုက်ပြထားတဲ့ မှတ််တမ်းပုံလေးရယ်ပါ။ ကျမတို့ စိုက်ကြည့်နေခဲ့တဲ့ ဒီစတီးဘူးလေးထဲက ထမင်းဟင်းတွေကတော့ အခုတော့ မဲမဲသည်းသည်း မီးသွေးခဲတွေအဖြစ်သာ ကျန်နေခဲ့ပါတော့တယ်။

မီးကျွမ်းသွားသော ထမင်းဘူး (ဓါတ်ပုံ – Taiken Japan)

လွန်ခဲ့တဲ့ ၇၅နှစ် ဒီမြို့ကကျောင်းလေးထဲမှာ နောက်ဆုံးနေ့လည်စာလေးတောင် စားခွင့်မရခဲ့တဲ့ ကလေးတွေအများကြီးရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်လောင်နေဆဲကာလဖြစ်တဲ့ ၁၉၄၅ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ နာဂါဆာကီိမြို့လေးကို အမေရိကန်နိုင်ငံကနေ “The Fat Man” (လူဝကြီး) လို့ခေါ်တဲ့ အဏ္ဏုမြူဗုံးကြဲခဲ့ပါတယ်။ အချိန်ကတော့ မွန်းမတည့်မီ ၁၁ နာရီ ၂ မိနစ်ဖြစ်ပါတယ်။ ပုံမှန် ဒီအချိန်ဆို ကျောင်းသူကျောင်းသားတွေ ထမင်းစားချိန်နီးတာကြောင့် လှုပ်လှုပ်ရွရွနဲ့ ဂနာမငြိမ်ဖြစ်နေတဲ့အချိန်လောက်ပါ။ ဒါပေမဲ့ တဒင်္ဂအတွင်းမှာ ကလေးတွေရဲ့ထမင်းဘူးလေးတွေဟာ ပိုင်ရှင်မဲ့သွားခဲ့ကြပါတယ်။

အဏ္ဏုမြူဗုံးပြတိုက်ရှိ လူဝကြီးအဏ္ဏုမြူဗုံး (ဓါတ်ပုံ – မေယု)

အမေရိကန်နိုင်ငံက အပြစ်မဲ့ပြည်သူတွေအပေါ်မှာ အဏ္ဏုမြူဗုံးကြဲချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ၊ သမိုင်းသုတေသီတွေက မတူညီတဲ့ ကောက်ချက်ချမှုတွေ အမျိုးမျိုးပေးခဲ့ကြပါတယ်။ တချို့က ဒီဗုံးကြောင့်သာ စစ်သွေးကြွဂျပန်တွေကို လက်နက်ချစေပြီး ဒုတိယကမ္ဘာစစ်ကြီးကို အဆုံးသတ်လိုက်နိုင်တယ်လို့ ဆိုကြပါတယ်။ တချို့ကတော့ ဂျပန်တွေက လက်နက်ချဖို့ အခြေအနေရောက်နှင့် နေပြီးသားလို့ဆိုပါတယ်။ ဒါကတော့ မန်ချူးရီးယားကို ဆိုဗီယက်တို့ ဝင်ရောက်သိမ်းပိုက်လိုက်နိုင်တဲ့ အချိန်ကစပြီး ဂျပန်တွေက စစ်ရှုံးဖို့များနေတာကြောင့် မကြာခင်မှာ လက်နက်ချဖို့အခြေအနေသာကျန်တော့တာကြောင့် အဏ္ဏုမြူဗုံးအထိ သုံးဖို့ မလိုအပ်ပါဘူးလို့ ဆိုတဲ့သမိုင်းသုတေသီတွေလည်းရှိပါတယ်။ 

တချို့သမိုင်းသုတေသီတွေ ထပ်ပြီးဝေဖန်တာကတော့ အမေရိကန်နိုင်ငံက သူ့ရဲ့နောက်ဆုံးပေါ် အဏ္ဏုမြူနည်းပညာရဲ့ အဖျက်စွမ်းအားကို လက်တွေ့ စမ်းသပ်ချင်တဲ့အပြင် စစ်အေးကာလရောက်ဖို့ တာစူနေတဲ့ကာလအတွင်းမှာ သူရဲ့ပြိုင်ဖက်နိုင်ငံတွေကို သူပိုင်ဆိုင်ထားတဲ့ လက်နက်စွမ်းရည်ကို ပြချင်တာကြောင့်သာ ဗုံးသုံးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တွင်းက ရန်သူချင်းအတူတူ ဂျာမနီကိုမရွေးဘဲ ဂျပန်တွေကို ရွေးရတာက အာရှနိုင်ငံဖြစ်တာကြောင့်လို့ အမေရိကန်တွေကို ထပ်စွပ်စွဲကြတဲ့ သုတေသီတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီထင်မြင်ချက်အမျိုးမျိုးတွေကို လူပြိန်းတွေဖြစ်တဲ့ ကျမတို့တွေက ဘယ်ဟာကတော့ မှန်တယ်၊ ဘယ်ဟာကတော့မှားတယ်ဆိုပြီး ငြင်းခုန်နိုင်စွမ်း မရှိပါဘူး။ ဒီလိုကြမ်းတမ်းတဲ့စစ်မက်မျိုးကို စက်ဆုတ်ဖို့သာတတ်နိုင်တဲ့ နှလုံးသားနဲ့ လူပြိန်းတွေသာဖြစ်ပါတယ်။ ပြတိုက်ကိုရောက်လာတဲ့အခါ ကျမတို့ ပုထုဇဉ်တွေရဲ့ရင်တွင်းမှာ ဦးဆုံးဖြစ်တည်တဲ့ခံစားမှုက အပြစ်မဲ့ရက်ရက်စက်စက် အသက်ဆုံးသွားရရှာတဲ့ လူသားတွေအပေါ်ထားတဲ့ ဂရုဏာတရားသာ ဖြစ်ပါတယ်။ စစ်ပွဲတွေ၊သတ်ပွဲတွေကို မလိုလားကြတဲ့ သူတွေသာဖြစ်ပါတယ်။

ကျမတို့ အမိမြေ မြန်မာပြည်မှာလည်း လွတ်လပ်ရေးရပြီးချိန်ကတည်းက ပြည်တွင်းစစ်မီးကြီး တစစနဲ့ အရှိန်ရ လောင်မြိုက်လာတာဟာ ဆယ်စုနှစ် ၇ စုရှိပြီ ဖြစ်ပါတယ်။ ဗုံးကြဲခံရပြီး​ နောက်ပိုင်း ဂျပန်ရဲ့နာဂါဆာကီမြို့ ပြန်လည်ထူထောင်လာနိုင်ခဲ့တဲ့ သက်တမ်းနီးပါးရှိပါပြီ။ ပြည်တွင်းစစ်ပွဲများစွာဖြစ်ရတဲ့ အကြောင်းအရင်းမျိုးစုံကို တံဆိပ်မျိုးစုံကပ်ပြီး ကောက်ချက်ချကြတာတွေက မြေစာပင်ဖြစ်တဲ့ ပြည်သူတွေအတွက်တော့ စစ်ပြေငြိမ်းဖို့လောက် အရေးမကြီးဘူးလို့ ထင်ပါတယ်။ စစ်ပွဲတွေက တိုက်နေတဲ့သူတွေရဲ့အကျိုးစီးပွါးအတွက် အပြစ်မဲ့ပြည်သူတွေအပေါ်မှာ အမြတ်ထုတ်ခြင်းတစ်ခုသာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့အဖြေရှာမရဘူးဆိုတာကို နှစ်ပေါင်း ၇၀ ကျော်ပေးဆပ်လာခဲ့ရတဲ့ အဖက်ဖက်က ယိုယွင်းနေတဲ့ မြန်မာနိုင်ငံကြီးက သာဓကတစ်ခု မဟုတ်ပါလား။ 

ဒီနှစ်ပေါင်း ၇၀ ကြာတဲ့ စစ်တွင်းမှာ ထမင်းဘူးလေးတွေ ပိုင်ရှင်မဲ့သွားတာ ဘယ်လောက်တောင်များနေပါပြီလဲ။ကျောင်းနေအရွယ်ကလေးတွေ ထမင်းဘူးလေးတွေကိုင်ပြီး သွားနိုင်မယ့် ကျောင်းတွေ ဘယ်နှစ်ကျောင်းတောင် ပျက်စီးလောင်ကျွမ်းသွားခဲ့ပါပြီလဲ။ စေတနာရှင်ကျောင်းဆရာ၊ကျောင်းဆရာမများစွာရဲ့ အသက်တွေ ဘယ်လောက်တောင် စတေးခံခဲ့ကြရပါပြီလဲ။ ပြည်တွင်းစစ်ထဲမှာပျက်စီးသွားခဲ့တဲ့ ဘဝတွေက နိုင်ငံရေးကစားကွက်တွေထဲမှာ ရေမြောကမ်းတင် အမှိုက်တစ်ခုအဖြစ်နဲ့သာ သတ်မှတ်ခံရဖို့ သင့်ပါသလား။ 

ကျမ ဒီစာရေးရင်းနဲ့ Bob Dylan ရဲ့ငြိမ်းချမ်း​ရေးတေးသီချင်းထဲက စာသားကို သတိရမိပါတယ်။ သီချင်းစာသားထဲကလိုပဲ ငြိမ်းချမ်းရေးအဖြေက လေထဲမှာလွင့်မြောလျက် ရှိနေတုန်းပဲလား။ ဒါမှမဟုတ် မကြာမီမှာပဲ မြန်မာပြည်ကြီးရဲ့ ငြိမ်းချမ်းရေးအဖြေကို သက်ဆိုင်တဲ့သူတွေက မိမိရရ ဖမ်းဆုပ်ပေးတော့မလား ဆိုတာ စောင့်မျှော်ရင်း၊  Bob Dylan ရဲ့ ‘Blowin’ in the Wind’ နားထောင်ရင်းနဲ့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းဖို့ ဆုတောင်းလိုက်ပါတယ်။

“... how many times must the cannonballs fly before they’re forever banned?
The answer, my friend, is blowin’ in the wind...the answer is blowin’ in the wind.
…….How many deaths will it take till he knows that too many people have died?....
The answer, my friend, is blowin’ in the wind, the answer is blowin’ in the wind…”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s