ကျဘမ်းခေတ်စာ – မမလင်းလင်းသို့ ပြန်စာ

မမလင်းလင်းရေ

အခုလိုအချိန်မှာ ထူးထူးခြားခြား ညီမလေးကို အရေးတယူ စာရေးတဲ့ အတွက် ဝမ်းသာပါတယ်။ ရုံးဝန်ထမ်းဝတ်စုံနဲ့  လိုက်ဖက်တယ်လို့ ထူးထူးခြားခြား စကားစထားလို့လည်း အံ့ဩပီတိဖြစ်ရပါတယ်။ ညီမလေးတို့ဘဝမှာ မိမိကိုယ်ကို ယုံကြည်မှုဆိုတာ မွေးကတည်းက ပါလာတာမဟုတ်ပါဘူး၊ ရှင်သန်ကြီးပြင်းလာတဲ့ ကာလတစ်လျှောက်လုံး ရိုးရိုးသားသား နေခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စာနာထောက်ထားခဲ့တယ်၊ မတရားမှုကို ဆန့်ကျင်ခဲ့တယ်။ ဒါကြောင့် ညီမလေးဘဝမှာ လိပ်ပြာလုံပါတယ်။ လိပ်ပြာလုံတဲ့ အတွက် ယုံကြည်မှုအပြည့်နဲ့ ရဲဝံ့တဲ့ ဟန်ပန်တွေ ပေါ်နေတာ ဖြစ်မှာပါ။ 

မမပြောတာမှန်ပါတယ်။ ဒီရက်ပိုင်းမှာ ညီမလေးက Civil Disobedience Movement အကြောင်းကို ဆိုရှယ်မီဒီယာမှာ ခပ်စိပ်စိပ် မျှဝေဖြစ်နေတယ်။ ဖေ့စ်ဘုတ်ကို အာဏာသိမ်းအစိုးရက ပိတ်ပင်ထားလို့လဲ VPN ဆိုတာနဲ့ ကျော်သုံးနေရတာပေါ့။ မမက ဒီပို့စ်တွေ တွေ့တယ်ဆိုတော့ မမကိုယ်တိုင်လဲ ပိတ်ထားတာကို မနှစ်မြို့ဘူး ဆိုတဲ့ သဘောပဲလား။ ထားပါလေ။  

မမပြောသလို ညီမလေးက ဝန်ထမ်းတစ်ယောက်ပါ၊ နိုင်ငံ့ဝန်ထမ်းလို့ အလွယ်ခေါ်ကြပေမယ့် ပြည်သူ့ဝန်ထမ်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဝန်ထမ်းက အချိန်ပြည့်အလုပ်လုပ်ဖို့ တာဝန်ရှိတယ်လို့ ဆိုရင် တာဝန်ဆိုတဲ့ စကားလုံးကို အရင်သုံးသပ်ဖို့ တိုက်တွန်းပါရစေ။ ပြည်သူက မဲပေးခဲ့တဲ့ အစိုးရကလဲ နိုင်ငံကို အုပ်ချုပ်ဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ဘယ်သူတွေက လုပြေးသလဲ ဆိုတာ မမ ကိုယ်တိုင်လဲ သိမှာပါ။ အကျိုးဆက်အနေနဲ့ အခုအချိန်မှာ ပြည်သူတစ်ရပ်လုံးက သူတို့ ထောက်ခံမဲပေးခဲ့ကြတဲ့ အစိုးရ အာဏာအသိမ်းခံရတာကို  လမ်းမပေါ်ထွက် ဆန့်ကျင် ဆန္ဒပြတဲ့သူတွေ ရှိသလို ပြည်သူ့ဝန်ထမ်းနှင့် ပုဂ္ဂလိကဝန်ထမ်းတွေကလည်း ရုံးမတက် အလုပ်မလုပ်ဘဲ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ညီမလေးတို့ကိုယ်တိုင်လဲ ပြည်သူနဲ့ တစ်သားတည်းရှိနေတာကို ပြသတဲ့ အနေနဲ့ ကိုယ်တိုင်လဲ ရုံးမတက်သလို လုပ်ဖော်ကိုင်ဖက်တွေကိုလဲ ရုံးမတက်ဖို့ တိုက်တွန်းဖြစ်ပါတယ်။ 

မမပြောသလို ဌာနတစ်ခုမှာ ဝန်ထမ်းအများကြီး ရှိတာကြောင့် ညီမလေးတစ်ယောက်တည်းကြောင့် မထိခိုက်ပါဘူးဆိုတဲ့ အတွေးကတော့ နဂိုကတည်းက မရှိတာပါ၊ CDM ကို စတင်ကတည်းက ညီမလေးတို့ ဆန္ဒနဲ့ ရည်မှန်းချက်က ဒီလို အာဏာသိမ်းအစိုးရရဲ့ လုပ်ငန်း ယန္တရားကြီး တစ်ခုလုံး ရပ်တန့်သွားစေချင်တာပါ။ ဒါဟာ မမ ခေါင်းစဉ်တပ်သလို ပါတီနိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ ပြည်သူ့အကျိုးတာဝန်ကို အိမ်ကနေ ထမ်းဆောင်နေတာဖြစ်ပါတယ်။

အသက်အရွယ်ရနေတဲ့ ဘိုးဘွားမိဘတွေကလဲ အားပေးပါတယ်။ သူတို့ မနိုင်ခဲ့တဲ့ တိုက်ပွဲကို ညီမလေးတို့က ဆက်တိုက်ကြရမယ်တဲ့။ သူတို့ကိုယ်တိုင်လဲ ည ၈ နာရီတိုင်း သံပုံးတီးပြီး တိုက်ပွဲဝင်နေကြပါတယ်။ မမတို့ ဆိတ်ငြိမ်ရပ်ကွက်ထဲမှာတော့ ကြားရပါ့မလား။ သားသမီးရှိတဲ့ ဝန်ထမ်းမိသားစုတွေက ပိုစိုးရိမ်တာပေါ့ မမရယ်။ ကိုယ့်ဆန္ဒမဲတောင် ကိုယ်မပိုင်တဲ့ အနာဂတ်မှာ သူတို့ မျိုးဆက်သစ်ကို ကြီးပြင်းခွင့် ပေးချင်ပါ့မလား။ မျိုးဆက်သစ်အတွက် ရုံးမတက်ကြတာပေါ့။

စာလဲ ရှည်သွားပြီ။ မမလဲ နားပါဦး။ မမတို့ ဆိတ်ငြိမ်ရပ်ကွက်က သတင်းစာထဲမှာလဲ လေ့ကျင့်ခန်းလုပ်တဲ့ သတင်းတွေပဲ ထည့်နေတာဆိုတော့ ဒီအဖြစ်အပျက်တွေ ညီမလေးသာ မရေးပေးရင် မမ သိရရှာမှာ မဟုတ်ဘူး။ ရပ်ကွက်အပြင်လေးထွက် ပတ်ဝန်းကျင်အသံလေးလဲ နားစွင့်ပါဦးနော်။ မမတစ်ယောက်လဲ လိပ်ပြာသန့်သန့်နဲ့ ယုံကြည်မှုရှိရှိ လှပနေတာ မြင်ချင်ပါပြီ။

ချစ်တဲ့

သုသု

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s